Thursday, June 20, 2013

ဘာသာရေးကို ခုတုံးလုပ် အမြတ်ထုတ်နေကြသူများ။


ဗုဒ္ဓဘာသာဝင်တို့၏ နေအိမ်တိုင်းတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ပင့်ဆောင်ကိုးကွယ် ကြပါသည်။ နေ့စဉ်မပျက် ဆွမ်း၊ သောက်တော်ရေ၊ ဆီမီးစသည်များ ကပ်လှူ ပူဇော်ကြပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် အလှူဒါန ရက်ရောတတ်ပါသည်။ သဒ္ဓါလွန်သော ဗုဒ္ဓဘာသာ ၀င်များကို လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က ရှေးဟောင်းရုပ်ပွားဆင်းတုတော်ဟု ညာပြီး အလှူခံလျှင် ဆင်းတုတော်သမိုင်းကို မလေ့လာဘူးသူက ယုံကြည်လိုက်ကြသည်။ ဆရာတော်တစ် ပါးရဲ့ ကိုယ်ခန္ဓာထဲက ရောင်ခြည်တော်လွှတ်တယ်လို့ သတင်းကြားလိုက်သည်နှင့် အလုအယက် တိုးဝှေ့ ဖူးကြ၊ လှူကြတတ်ပါသည်။ ဘုရားရှင်မှအပ ရဟန္တာအရှင်မြတ်ကြီးများသည်ပင် ရောင် ခြည်တော် မလွှတ်နိုင် ဟူသောအမှန်တရားကို မသိကြပါ။ သဲဆွမ်း၊ ရေဆွမ်းသုံးသည်ဟုဆိုလျှင် လည်း အလွန်အမင်း အထင်ကြီးကြ၊ ချဉ်းကပ်ကြပါသည်။ သဲဆွမ်း၊ ရေဆွမ်းစားခြင်းသည် သာသ နာတော်အကျင့် မဟုတ်ကြောင်းကို မသိကြပါ။ သဒ္ဓါတုလွှမ်း၍ ပညာအားနံ့သူတို့ကြောင့် ဘာသာရေး ခုတုံးလုပ် အမြတ်ထုတ်နေသော “အ၀ီစိသွားမည့် ခရီးသည်များ ” ခြေရှုပ်နေနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဒါကြောင့်.. တစ်ဆင့်စကား ကြားဖူးပါသည် “ သံသရာကို မကြောက်ရင် ဘာသာရေးကို ခုတုံးလုပ်ပြီး လုပ်ကိုင်စားသောက်ရ တာ အရှောင်ဆုံး၊ အလွယ်ဆုံးပဲ ” ဟုဆိုကြပါသည်။ မှန်ကန်သောစကား ဖြစ်ပါသည်။ ဘာသာရေး ကို ဗန်းပြပြီး၊ အကြောင်းပြပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်သော ပုဂ္ဂိုလ်များ ရှေးကလည်းရှိခဲ့ပါ သည်၊ ယခုလည်းရှိဆဲပါ၊ နောင်လည်း လုံးဝကင်းစင်မည် မဟုတ်ပါ။ အ၀ီစိသွားမည့် ခရီးသည်များ ၏ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုကို ဘာသာရေးသတိဖြင့် အစဉ်စောင့်ကြည့် တွန်းလှန်ကာကွယ် အပ်ပါသည်။ ဤသို့ သဒ္ဓါလွန်၍ ပညာနံ့သူများကြောင့် အတုအယောင် ပုဂ္ဂိုလ်များ တစ်နေ့တခြား များ လာသောကြောင့် သဒ္ဓမ္မောဒယဆရာတော်ဘုရားကြီးက ဤသို့ သတိပေးတော်မူခဲ့ပါသည်=== “ယခုကာလ၌ ထိုကဲ့သို့ သဒ္ဓါလွန်၍ ပညာနံ့သောပုဂ္ဂိုလ် အလွန်ပေါများလှသည့် အလျောက် ကြည် ညိုထိုက် မကြည်ညိုထိုက်၊ ကိုးကွယ်ဆည်းကပ်သင့် မကိုးကွယ် မဆည်းကပ်သင့်၊ ဘာမှ မိမိကိုယ် ပိုင်ဉာဏ်ဖြင့် ဝေဖန်စီစစ်ခြင်း မပြုဘဲ ဉာဏ်ကင်းမဲ့စွာ အများကြည်ညိုသော ပုဂ္ဂိုလ်ကို ၀ိုင်းဝန်း ကြည်ညိုကိုးကွယ် ဆည်းကပ်တတ်ကြလေသည်။ ထို့ကြောင့် အတုအယောင်များ တစ်နေ့တခြား ပေါများလာပြီး အလိမ်အညာ အမျိုးမျိုးကို ခံကြရသည့်အပြင် ပစ္စည်းသာမက လူပါ ပါသွားတတ် ကြသည်ကို မကြာမကြာ ကြားသိရလေတော့သည်။ ” သို့အတွက်ကြောင့် ဘာသာရေးအသိ၊ ဘာသာရေးအမြင် ရှိဖို့လိုပါသည်။ သူတော်ကောင်း တို့ကလည်း ဘာသာရေးနှင့် ပတ်သက်၍ အမြင်ကျယ်သော အသိဉာဏ်ရှိကာ မြင့်မြတ်သော ကိုယ်ကျင့်တရားများကို ကျင့်ကြံအားထုတ်နိုင်ပြီး နိဗ္ဗာန်ချမ်းသာကို စံစားခံစားနိုင်တဲ့သူ ဖြစ်ကြပါ စေ ကုန်သတည်း။ ။ {မင်းနန်(မော်ကျွန်း) ၏ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များကို ကိုးကားရေးသားပါသည်။ } ဦးသိန်းဝေ။ ----------------------------------------------------------------------------------------- “ မသေလိုသော် ” =========== * သစ်ပင်သစ်ခက် အရွက်ဝေစည် တစ်ရက်ကြွေမည် သေချာသည်။ * မကြွေစေလို မဝေစေနှင့်၊ မြစ်ဖြတ်ပစ်။ * မွေးဖွားဇာတိ၊ ရှိခဲ့လေသော် မျှော်မတွေးနှင့်၊ မနှေးဆက်ဆက် တစ်ရက်သေမည် သေချာသည်။ * မသေလိုက၊ ဘ၀ဇာတ်သိမ်း ဒုက္ခငြိမ်းရာ၊ မြတ်ဗုဒ္ဓါ၏ မိန့်မှာစကား၊ အားထားယုံကြည် ပီပြင်ကျန ကျင့်ကြံကြ။

No comments:

Post a Comment