/* The CSS Code for the menu starts here s2free.blogspot.com */

photos

Friday, May 10, 2013

အရိပ်နေနေ အခက်ချိုးချိုး မဖြစ်စေဖို့


http://3.bp.blogspot.com/-RqVyuS1IUss/T-cMlGiQwAI/AAAAAAAAbzQ/QiEDlcczBXc/s320/w7_38_06+%281%29.jpg (၁) တစ်နေ့ ဂျာနယ်ဟောင်းများကိုရှင်းရင်းက နိုင်ငံခြားသတင်းနှစ်ပုဒ် ပြန်ဖတ်ကြည့်မိပါသည်။ သတင်းနှစ်ပုဒ်လုံး အရှေ့တောင်အာရှနိုင်ငံများမှ ဖြစ်သည်။ ကာလမှာ ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်၏။ သတင်းတစ်ပုဒ်မှာကား လာအိုနိုင်ငံ၏ သတင်း။ လာအိုနိုင်ငံတွင် ခရီးသွားလုပ်ငန်း ကောင်းမွန်လာသည့်အလျောက် ဟိုတယ်သစ်များ တည်ဆောက်ရန် လိုအပ်လာသည်။ သို့ရာတွင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းမှ ပယ်ဖျက်မခံရရေးအတွက် သမိုင်းဝင် ရှေးဟောင်းမြို့တော် လွန်ပရာဘန်၏ ဗဟိုချက်၌ ဟိုတယ်သစ်များ တည်ဆောက်မည့်အစီအစဉ်အား လာအိုနိုင်ငံက ပယ်ဖျက်လိုက်သည့်သတင်းဖြစ်သည်။ လွန်ပရာဘန်မြို့တော် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးရုံး အကြီးအကဲ မာနီဘွန်သွန်မာဘိုးက ပြည်ပရင်းနှီးမြှုပ်နှံများ၏ ဟိုတယ်သစ်များ ထပ်မံဖွင့်လှစ်ရေး တောင်းဆိုမှုကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ လွန်ပရာဘန်မြို့သည် မဲခေါင်မြစ်အနီးတွင် တည်ရှိပြီး နှစ်ပေါင်း ၇၀၀ သက်တမ်းရှိပြီဖြစ်ကြောင်း၊ သမိုင်းဝင် စေတီ၊ ပုထိုးများ၊ ပြင်သစ် ကိုလိုနီခေတ် အဆောက်အအုံဟောင်းများ တည်ရှိသော မြို့ဖြစ်ကြောင်း၊ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ထောင်ပေါင်းများစွာ လာရောက် လည်ပတ်ရာ ဒေသဖြစ်သည့်အပြင် နိုင်ငံသားများ၏အထွတ်အမြတ်ထား ရာနေရာဒေသတစ်ခုဖြစ်ကြောင်း သတင်းတွင် ပါရှိသည်။ ယူနက်စကိုကအဆောက်အအုံ သစ်များတည်ဆောက်ခြင်း၊ ပြင်ဆင် ဆောင်ရွက်ခြင်းတို့သည် လွန်ပရာ ဘန်၏ သမိုင်းဝင်ယဉ်ကျေးမှုအမွေ အနှစ်များနှင့်ပတ်ဝန်းကျင်ကိုထိခိုက် စေနိုင်ကြောင်း သတိပေးပြီးနောက် တွင်ထိုသို့ဆောင်ရွက်လိုက်ခြင်းဖြစ် သည်။ သမိုင်းဝင်အဆောက်အအုံ အချို့အား ဟိုတယ်ဖွင့်လှစ်လိုသည့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ငှားရမ်းခဲ့မှုအတွက်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ နောက်ထပ်သတင်းတစ်ပုဒ်မှာ ဗီယက်နမ်နိုင်ငံမှ သတင်းဖြစ်သည်။ နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် လယ်ယာမြေများ မဆုံးရှုံးစေရေးအတွက် ဂေါက်ကွင်းသစ်များ တည်ဆောက်ခြင်းကို ပိတ်ပင်သွားရန် ဗီယက်နမ်အစိုးရက စီစဉ်နေသည့်သတင်း ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်စ ဗီယက်နမ်နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ၀င်ရောက်လာသည့်အလျောက် တစ်ပတ်လျှင် ဂေါက်ကွင်းတစ်ကွင်းမက တည်ဆောက်ခွင့်လက်မှတ်များ ထုတ်ပေးခဲ့ရာ နိုင်ငံအတွင်းအသုံးပြုနေသော (သို့မဟုတ်) တည်ဆောက်ရန် စီစဉ်ထားသော ဂေါက်ကွင်းပေါင်း ၁၄၀ ကျော်အတွက် မြေဧကပေါင်း ၁၂၀၀၀၀ ကျော် အသုံးပြုရမည်ဖြစ်သည်။ သို့ရာတွင် ထိုအချိန်က ဗီယက်နမ်နိုင်ငံတွင် စာသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ ငွေကြေးဖောင်းပွမှုများ ရှိလာသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များနှင့် မြေအသုံးပြုခွင့် စံနှုန်းများ မပြည့်မီသည့် ဂေါက်ကွင်းသစ်များ ဆောက်လုပ်ခြင်းကို ခွင့်မပြုရန် တာဝန်ရှိသူများက စီစဉ်ခဲ့ရသည်။ ဂေါက်ကွင်းများသည် သဘာဝပတ်ဝန်းကျင်ကို ၀န်ထုပ်ဝန်ပိုး ကြီးမားစွာ ဖြစ်စေကြောင်း၊ ၁၈ ကျင်းပါ ဂေါက်ကွင်းတစ်ကွင်းသည် တစ်နေ့လျင် ရေ ၅၀၀၀ ကုဗမီတာ အသုံးပြုရပြီး ထိုပမာဏသည် အိမ်ထောင်စုပေါင်း နှစ်သောင်းအတွက် လုံလောက်ကြောင်း၊ ဓာတ်မြေသြဇာနှင့် အခြား ဓာတုပစ္စည်းများ အသုံးပြုမှုတွင်လည်း လယ်ယာစိုက်ပျိုခြင်းထက် သုံးဆပို အသုံးပြုရကြောင်း သတင်းတွင် ထည့်သွင်းရေးသားထားပါသည်။ ရှေးဟောင်းအမွေအနှစ်များ မထိခိုက်စေဘဲ သဘာဝပတ်ဝန်းကျင်နှင့် လယ်ယာမြေများ မဆုံးရှုံးစေဘဲ ရှေးဟောင်းမြို့လေး တန်ဖိုးရှိရှိ ရှေ့ဆက်သွားနိုင်ဖို့ စဉ်းစားနေစဉ်မှာ ရှေးရှေးက သည်ရှေးဟောင်းမြို့လေး ခုလိုခန့်ခန့်ထည်ထည် ကျန်ရှိနေအောင် ဘယ်နည်း၊ ဘယ်ပုံ ကာကွယ်ခဲ့ကြသလဲ တွေးမိ၏ . . . သတင်းနှစ်ပုဒ်ကို ဖတ်လိုက်မိပြီးနောက် ကျွန်တော်၏အတွေးများသည် ပုဂံဆီသို့ ရောက်သွားတော့၏။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ဒုနဲ့ဒေးတည်ရှိသော နေရာ၊ ယာတော၊ ထန်းတောတွေ သိုင်းကာ ၀ိုင်းကာနှင့် တည်ရှိသော ဒေသ၊ ထိုသို့သောဒေသ တွင် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များမှာလည်း ၀င်လာမစဲ တသဲသဲ....။ ဆိုတော့....ပုဂံရှေးဟောင်း ယဉ်ကျေးမှုမြို့တော်၏ အနာဂတ်အတွက် စိုးရိမ်စိတ် ၀င်လာမိသည်။ ခရီးသွားလုပ်ငန်း ဖြိုင်ဖြိုင်ကောင်းမွန်လာသော ရှေးဟောင်းမြို့လေးတွင် သူတို့ကဲ့သို့ ဟိုတယ်တွေ တည်ဆောက်ဖို့၊ လုပ်ငန်းတွေတိုးချဲ့ဖို့ အကြောင်းတရားများ ဖန်လာချေပြီ။ရှေးဟောင်းအမွေအနှစ်များ မထိခိုက်စေဘဲ သဘာဝပတ်ဝန်းကျင်နှင့် လယ်ယာမြေများ မဆုံးရှုံးစေဘဲ ရှေးဟောင်းမြို့လေး တန်ဖိုးရှိရှိ ရှေ့ဆက်သွားနိုင်ဖို့ စဉ်းစားနေစဉ်မှာ ရှေးရှေးကသည်ရှေးဟောင်းမြို့လေး ခုလို ခန့်ခန့်ထည်ထည် ကျန်ရှိနေအောင် ဘယ်နည်း၊ ဘယ်ပုံကာ ကွယ်ခဲ့ကြသလဲ တွေးမိ၏။ ( ၂ ) အေဒီ ၁၁ ရာစုတွင် ပုဂံ၌ ရှင်အရဟံနှင့် မင်းမြတ်နော်ရထာတို့၏ ကျေးဇူးကြောင့် ဗုဒ္ဓသာသနာ ရောက်ရှိလာရာ ဂူပုထိုး၊ စေတီ၊ ကျောင်း၊ ကန်၊ လယ်ပယ်များ သူထက်ငါ အပြိုင်အဆိုင် ရက်ရောစွာ အလှူဒါန ပြုလာကြသည်။ အလှူဒါနပြုသူများသည် မိမိအလှူဒါနကို သာသနာငါးထောင်အထိ တည်တံ့ ခိုင်မြဲစေလိုကြသည်။ မိမိတို့ လှူဒါန်းသော ဂူပုထိုး၊ စေတီနှင့် မြေလယ်ပယ်များ၊ ထန်းပင်၊ ဥယျာဉ်၊ ကျွဲ၊ နွားများကို ဖျက်ဆီး နှောင့်ယှက်မည့်သူများဘေးမှ ကင်းဝေးကာ ရေရှည်တည်တံ့စေရေးအတွက် အားကိုးအားထားပြုရာတွင် ကျိန်စာ သည်လည်း တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ပေလိမ့်မည်။ အလှူရှင်များ ရေးထိုးခဲ့သည့် ကျောက်စာများတွင် အလှူမှတ်တမ်း၊ ဆုတောင်းစာများနှင့်အတူ သူတို့၏ အလှူဒါနကို မဖျက်ဆီးစေရန် ကျိန်စာများ ထည့်သွင်းရေးထိုးခဲ့ကြသည်။ ထင်ရှားသော ကျောက်စာတစ်ချပ်မှာ နရပတိစည်သူမင်းကြီး၏ မိဖုရား ဝေဠုဝတီကောင်းမှု နားတောင်းတပ်ဘုရား ကျောက်စာဖြစ်သည်။ နားတောင်းတပ်ဘုရားသည် စူဠာမဏိဘုရားမြောက်ဘက်တွင် တည်ရှိပြီး ဘုရားအတွက် မြေများ၊ ကျွန်များ၊ နွားများကိုလည်း လှူဒါန်းခဲ့သည်။ ထိုကျောက်စာတွင်-- ''ငါ့ကောင်းမှုကို ဖျက်သောသူကား အမျိုးခုနစ်ဆက် ညက်ညက် ပြုန်းတီးပျက်စီးစေသော် အ၀ီစိအထဲ ငရဲကျက်၍ ချွတ်လည်း မကျွတ်တတ်သည့် ငရဲသစ်ငုတ်လျင် ဖြစ်စေသတည်း။ ငါ့ကောင်းမှုကို ချီးပင့်သောသူကား ငါနှင့်ထပ်တူလျှင် ရကြပါစေသတည်း'' ဟူ၍ အလှူရှင်က ရေးထိုးခဲ့သည်။ http://news-eleven.com/images/stories/june12/we/w7_38_06_1.jpg ထို့အတူ ပုဂံသမိုင်းတွင် မနူဟာဘုရားကိုတည်ခဲ့သော မနူဟာမင်း ကျောက်စာ၊ တူရွင်းတောင်တွင် ဂူပြု၍ မြေနှင့် ထန်းပင်များကို လှူဒါန်းခဲ့သော မိဖုရားအိုဝ်ပြည့်သင် ကျောက်စာ၊ အာမနာမြေအရပ်၌ ဂူဘုရား၊ ကျောင်းနှင့် လယ်များစွာ လှူဒါန်းခဲ့သည့် တရုတ်ပြေးမင်းကြီး၏ အမတ်ကျောက်စာ၊ မင်းနန်သူဘုရား မြောက်ဘက် ထိလုကုန်းဘုရားအနီး လယ်မြေအမြောက်အမြားနှင့် ကျွန်များ လှူဒါန်းခဲ့သည့် စတုရင်္ဂဗိဇယ်ဇနီး မောင်နှံကျောက်စာ စသည့် ထိုထိုသော ကျောက်စာများတွင် မိမိအလှူဒါနများကို မလိုသူများက ထိခိုက်ဖျက်ဆီး မည့်ဘေးမှ ကင်းဝေးစေရန် ကျိန်စာများကို အရံအတားအနေဖြင့် ယုံကြည်အားကိုးစွာ ရေးထိုးခဲ့ကြသည်။ ''ငါ့အလှူကို ဖျက်ဆီးသောသူကား သိဥ္ဇိုးစသော ငရဲကြီးရှစ်ထပ်၌ ကျက်စေ၏။ ကမ္ဘာလျှင်လောင်သော်လည်း မလောင်ရာသော စကြ၀ဠာ၌ရှိသော ငရဲကြီးရှစ်ထပ်သို့ ကျက်စေလေ၏။ ငရဲသစ်ငုတ် ဖြစ်စေ၏။ ''ဤငါပြုသော ကောင်းမှုကို ဖျက်သောသူကား လေးသောင်းမြေပုံလုံးမျှ ကြုံမကလျှင် အ၀ီစိမည်သော ငရဲကြီးတွင် ကျက်စေသတည်း၊ အကမ္ဘာသောဘုရားလည်း မဖူးရစေသတည်း။ စားချင်လျက် မစားရတတ် သောက်ချင်လျှက် မသောက်ရတတ် ဘုရားတကာ ကာ မချွတ်နိုင် ခြောက်ပြိတ္တာကြီးလျှင် ဖြစ်စေသတည်း။'' ''---ငါ့မြေကိုစားသော ယောက်ျားလည်းကောင်း၊ မိန်းမလည်းကောင်း သေခဲ့သော် အထူလည်း အရက် (၆၀)သွား အလျားအနံ(၆၀) သွားသော ကျောက်ဖျာကြီးအတွင်း ခါးရွှေ့နစ်လျက် ရေလည်းမရ အစာလည်းမရ လျှာငါးလံထွက်လျက် ခံစေသတည်း။---''စသည်ဖြင့် အလှူရှင်တို့သည် ခေတ်အဆက်ဆက် မမျှော်မှန်းနိုင်သော ဖျက်ဆီးမည့်ရန် သူများဘေးမှ ကာကွယ်ရန် ကြောက်ခမန်းလိလိ ကျိန်စာများ ရေးထိုးဟန့်တား ကာကွယ်ခဲ့ကြသည်။ သာသနာတော်ထွန်းကား ပြန့်ပွားလာသည့်အလျောက် သုံးလောက ထွတ်ထားမြတ်ဘုရားအား ရည်စူးလှူဒါန်းသော စေတီ၊ ဂူပုထိုး၊ ကျောင်း၊ ကန်များ၊ လယ်မြေ၊ ကျွှဲ၊ နွား၊ ဥယျာဉ်နှင့် ကျေးကျွန်များလည်း ပုဂံမြေတွင် တစ်စထက်တစ်စ များပြားလာခဲ့သည်။ သို့ဖြစ်ရာ ထိုကာလ၌ အလှူရှင်များ ရင်ဆိုင်ကြရသည့် အန္တရာယ်တစ်ပါးက ရှိသေးသည်။ အခြားသူကား မဟုတ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူပင် ဖြစ်သည်။ ပုဂံပြည်တွင် သာသနာ့မြေသည် တစ်နေ့တခြား ကြီးမားကျယ်ပြန့်လာသည့်အလျောက် တစ်ဖက်တွင် မင်းဘဏ္ဍာသည် တဖြည်းဖြည်း ယုတ်လျော့လာသည်။ သာသနာ့မြေသည် မင်းဘဏ္ဍာအတွက် အခွန်အတုတ် မရ။ ကျစွာမင်း (အေဒီ ၁၃) တက်ပြီး မကြာခင်မှာ နိုင်ငံတစ်ဝန်း လုံးတွင်ရှိသော သာသနာ့မြေများကို သိမ်းသည်။ ထိုအခါ ဇေယျသွတ်တောကျောင်းရဟန်းများက ကန့်ကွက်၍ ကျစွာမင်းနှင့် ရဟန်းများ အမှုဖြစ်သည်ဟု ဆိုသည်။ ခရီးသွားလုပ်ငန်း ကြီးမားကျယ်ပြန့်လာခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၌ ရှေးက ဘိုးဘွားစဉ်ဆက်တို့၏ ကောင်းမှု အလှူဒါနများဖြစ်သော၊ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များကို မထိပါးမိစေရန်နှင့် အရိပ်နေနေ အခက်ချိုးချိုး မဖြစ်စေရန် ကျွန်တော်တို့ လက်ရှိ မျိုးဆက်သစ်များမှ ကာကွယ်ကြရမည် . . . ကျစွာမင်းသည် ထိုအမှုကို အဖွဲ့ဝင် ခြောက်ဦးပါသော အဖွဲ့ ဖွဲ့စေပြီး စစ်ဆေးစေသည်။ အဖွဲ့သည် ကျစွာမင်းရှုံးကြောင်း ဆုံးဖြတ်ပြီး သိမ်းသည့်မြေများကို ကျောင်းသို့ ပြန်လှူစေခဲ့ကြောင်း သိရသည်။ ထိုသို့ မင်းနှင့် ရဟန်း သာသနာ့မြေကိစ္စ အမှုအခင်းများ ပုဂံခေတ်တွင် အများအပြား ဖြစ်ပွားခဲ့ရာ ရဟန်းကသာ အများဆုံး အနိုင်ရခဲ့ကြောင်း သိရသည်။ ထိုသို့သော မြေယာအမှု အခင်းများနှင့် စပ်လျဉ်း၍ နရသီဟပတေ့မင်း ထုတ်ဆင့်သော အမိန့် ကျောက်စာတွင်-- ''ရတနာသုံးပါးမြေမှ ငါ့မြေသို့ ဆံခြည်တစ်တန့်မျှ မ၀င်စေနှင့်၊ ငါတို့မြေက ရတနာသုံးပါးမြေသို့ ၀င်သကား (အပြစ်အထူးမရှိပြီ)သခင်တို့ မြေခြား အမြဲအမြံတိုင် ဆောက်ပါလေ''(ဒေါက်တာသန်းထွန်း၏ ပုဂံခေတ် တရားဥပဒေမှ)ဟူ၍ပင် ကြေညာခဲ့သည်။ ( ၃ ) ထိုသို့ပင် ပုဂံခေတ်က အလှူရှင်များ၊ ရဟန်းများသည် မိမိတို့၏ အလှူဒါနဖြစ်သော သာသနိက အဆောက်အအုံများ၊ ဂူပုထိုး၊ စေတီများ၊ လယ်မြေများ၊ ထန်းတောများ၊ ကျေးကျွန်နှင့် ကျွဲ၊ နွားများကို သာသနာအဓွန့်ရှည်သရွေ့ တည်တံ့စေရန် ကြံဆောင်ခဲ့ကြလေသည်။ ခေတ်ကာလများစွာကို ဖြတ်သန်းလာပြီးနောက် နှစ်ပေါင်းထောင်ချီ ကြာမြင့်လာသောအခါ၌ ပုဂံသာသနာ့နယ်မြေကြီးသည် ကမ္ဘာက တန်ဖိုးထားရသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နယ်မြေကြီး ဖြစ်လာပေပြီ။ ယခုအခါ ထိုပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ကမ္ဘာအရပ်ရပ်မှ ခရီးသွားဧည့်သည်များ ဥဒဟို လာရောက်လည်ပတ်နေကြရာ ခရီးသွားလုပ်ငန်းသည်လည်း ကောင်းမွန်စပြုလာသည်။ ကျွန်တော်တို့ သတိချပ်ရန်ကား ခရီးသွားလုပ်ငန်း ကြီးမားကျယ်ပြန့်လာခြင်းနှင့် အတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ ရှေးက ဘိုးဘွားစဉ်ဆက်တို့၏ ကောင်းမှု အလှူဒါနများဖြစ်သော၊ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်မျာ ကို မထိပါးမိစေရန်နှင့် အရိပ်နေနေ အခက်ချိုးချိုး မဖြစ်စေရန် ကျွန်တော်တို့ လက်ရှိမျိုးဆက်သစ်များမှ ကာ ကွယ်ကြရမည်ဖြစ်သည်ကို မေ့လျော့ မသွားစေရန်ပင်။ လာအိုမှာကဲ့သို့၊ ဗီယက်နမ်မှာကဲ့သို့ သမိုင်းယဉ်ကျေးမှု အမွေအနှစ်များ၊ လယ်ယာမြေများကို ထိန်းသိမ်းကာကွယ်သွားရမည်။ စာကိုး - Weekly Eleven ဂျာနယ် ဟောင်းများ၊ ဒေါက်တာသန်းထွန်း၏ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲနှင့် ကိုယ်ပိုင်မှတ်စုများ။

No comments:

Post a Comment