/* The CSS Code for the menu starts here s2free.blogspot.com */

photos

Thursday, May 2, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံ့စွမ်းဆောင်ရည်ဆုရရှိသူများစာရင်း



  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံ့စွမ်းဆောင်ရည်ဆုရရှိသူများစာရင်း

(၁) စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး တောင်သူလယ် သမားဆုအတွက် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် သုံးခွကျေးရွာအုပ်စု ပဲနွတ်ကျေးရွာမှ ဦးသိန်းမြင့်၊

(၂) စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှ ပင်လယ်ကိုးသွယ် ကုမ္ပဏီ လီမိတက် ပိုင်ရှင် ဦးအောင်သန်းဦး၊

(၃) မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုအတွက် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် နောင်ကုန်ကျေးရွာမှ ဦးကျမော့၊

(၄) မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် တောမကျေးရွာမှ ဦးခင်မောင်ဝင်း၊

(၅) ရေထွက်ပစ္စည်း မွေးမြူ ထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်းမှ ဦးလှသန်း၊

(၆) အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင်စွမ်းဆောင်သူဆုအတွက် လသာမြို့နယ် အရန်မီးသတ် ဒုတိယတပ်ရင်းမှူး ရဲကျော်စွာအောင်လှ၊

(၇) နိုင်ငံ့ဂုဏ်ဆောင် အားကစားစွမ်းဆောင်ရည် အကောင်းဆုံးဆု အတွက် ဆုတံဆိပ် (၅၂) ဆုရှင် မြားပစ် အားကစားမယ် မအောင်ငှိမ်း၊

(၈) အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်ဆုအတွက် ဧရာဝတီတိုင်း ဒေသကြီးမှ Golden Delta Co., Ltd ပိုင်ရှင် ဦးချစ်ခိုင်၊

(၉)တန်ဖိုးမြင့် ထုတ်ကုန် အကောင်းဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် နေရှင်နယ် ဝုဒ်အင်ဒက်စတွီ လီမိတက်ပိုင်ရှင် ဦးကျော်ဝင်း၊

(၁၀) နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ တာဝန်အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုအတွက် ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊

(၁၁)ထုတ်လုပ်ရောင်းချမှု အကောင်းဆုံးအသေးစား စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် သဇင်နွယ် မိသားစုရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် ပိုင်ရှင် ဒေါ်သန်းသန်းဆွေ၊

(၁၂) ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် သံရည်ကျိုလုပ်ငန်းရှင် ဦးအေးဝင်း၊

(၁၃) အထူးအစီအစဉ်ဖြင့် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိကြသည့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ကိုယ်စား ဦးစိန်ဝင်းအောင်နှင့် မေရီချက်ပ်မင်း နားမကြားသော ကလေးများကျောင်း ကိုယ်စား ဦးဒေါ်ညွန့်ညွန့်သိန်း

စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး တောင်သူလယ်သမားဆုရရှိသည့် ဦးသိန်းမြင့်က ''ကျွန်တော်က နှစ်ပေါင်း ၅ဝ လယ်ယာလုပ်ငန်း လုပ်ခဲ့တဲ့သူပါ။

ကျွန်တော့်အသက် ၂ဝ အရွယ်ကတည်းက လုပ်လာတာပါ။ ဒီနေ့ ကျွန်တော်ရရှိတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ စွမ်းဆောင်ရည်ဆုဟာ ရှေးယခင်က တည်းက ကြိုးစားခဲ့တဲ့ အချက်က အဓိကဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ လယ်မြေဧက ၁ဝဝဝ ကို ချုံနွယ်တွေ၊ သစ်ငုတ်တွေနဲ့ ကိုင်းတောကြီး ဖြစ်နေတဲ့ အနေအထားကနေ သတ်မှတ်ကာလ ငါးနှစ်အတွင်းရှင်းလင်းပြီး စိုက်ပျိုးလုပ် ကိုင်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ဒေသမှာ ကျန်တဲ့တောင်သူတွေကိုလည်း ကျွန်တော့်လို ကြိုးစားချင် လာအောင် စံပြဆောင်ရွက်နေပါတယ်။

ကျွန်တော့်အနေနဲ့ မြေလွတ်မြေလပ် ဧက ၁ဝဝဝ ကို ချုံနွယ်ပိတ်ပေါင်းတွေ ရှင်းလင်းပြီး စိုက်ပျိုးနိုင်ခဲ့တာရယ်၊ အဲဒီဧက ၁ဝဝဝ ကို အဆင့်မြင့် လယ်ယာမြေ လုပ်မယ်ဆိုတဲ့ အချက်ရယ်၊

နောက်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ဧက ၂ဝဝဝဝ ကိုလည်း အဆင့်မြင့် လယ်ယာဖြစ်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်မယ်ဆိုတဲ့ ရည်မှန်းချက်ရယ်၊ ဒါ့အပြင် ဒေသမှာ စပါး၊ ပဲနဲ့ အခြားသီးနှံတွေကို နိုင်ငံတော်က ရည်မှန်းချက်ထားတဲ့ အထွက်နှုန်းမျိုးရအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အချက်တွေကြောင့် ထိုက်ထိုက် တန်တန် ဆုချီးမြှင့်ခြင်းခံရတာလို့ ထင်ပါတယ်''ဟု ပြောပြခဲ့သည်။

ထို့ပြင် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆု ရရှိသည့် ဦးအောင်သန်းဦး ကလည်း ''နိုင်ငံတော်သမ္မတကြီး ချီးမြှင့်တဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ရရှိတာ အင်မတန်မှ ဝမ်းသာပါတယ်။

ကျွန်တော်တို့ လုပ်ငန်းရှင်တွေ၊ တောင်သူတွေကို နိုင်ငံတော်အတွက် အကျိုးပြုတဲ့ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော် အနေနဲ့ အခုလို အားပေးချီးမြှောက်တာ အားလုံးက ဝမ်းပန်းတသာနဲ့ ကြိုဆိုပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့တော့ လယ်ယာကဏ္ဍ၊ စပါးကဏ္ဍကို အဓိက တိုးတက်အောင် ဆောင်ရွက်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဆန်စပါးကို စိုက်ပျိုးထုတ်လုပ်သည်မှ နိုင်ငံခြားတင်ပို့ ရောင်းချရသည်အထိ Supply Chain တစ်ခု လုံးကို ဆောင်ရွက်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီက အထူးစပ်မျိုးစပါးတွေ၊ မျိုးစေ့ထုတ်တယ်၊ ပြီးရင် မျိုးကောင်း မျိုးသန့်တွေကိုလည်းပဲ စိုက်ပျိုးထုတ်လုပ်တယ်။ ပြီးရင် ခေတ်မီဆန်စက်ကြီးတွေနဲ့ ကြိတ်ခွဲတယ်။

ရိတ်သိမ်း ခြွေလှေ့တာကိုလည်း ရိတ်သိမ်း ခြွေလှေ့စက်တွေနဲ့ ရိတ်သိမ်းတယ်၊ စက်မှုလယ်ယာကို အပြည့်အဝ အသုံးပြုပြီးတော့ နိုင်ငံတော်ရဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ ၂ဝ၁၂ ခုနှစ်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဆန်စပါး ညီလာခံမှာလည်း မြန်မာနိုင်ငံက ပေါ်ဆန်းမွှေးကို ပထမရအောင် လုပ်နိုင်တဲ့အတွက် အခုလို ဂုဏ်ပြုဆု ချီးမြှင့်ခြင်းခံရတယ်လို့ မှတ်ယူပါတယ်။

ဒုတိယ အချက်အနေနဲ့ကတော့ တောင်သူတွေ စီးပွားရေးဘဝ ဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် မျိုးကောင်းမျိုးသန့်သုံးစွဲတတ်အောင်၊ ဝင်ငွေတိုးတက်အောင် တစ်ဖက်တစ်လမ်းက ပံ့ပိုးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာ တောင်သူတွေကို မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု ဒါတွေကို ပံ့ပိုးပြီးတော့ ဒီလိုပံ့ပိုးတဲ့ နေရာမှာလည်း လူတွေဆီက အတိုးမယူဘဲနဲ့ ငွေကြေး ပံ့ပိုးပေးတယ်။

ပြီးရင် သီးနှံကို ဈေးကောင်းလည်းပေးဝယ်ပြီး တောင်သူတွေရဲ့ဘဝ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေတဲ့ ဆန်စပါးအထူးပြု ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်မှန်းချက်တွေ အများကြီး ထားပါတယ်'' ဟု ပြောပြခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
http://www.president-office.gov.mm/briefing-room/news/2013/04/30/id...

No comments:

Post a Comment